လာမည့်တနင်္ဂနွေနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကျွန်တော်နှင့် သူငယ်ချင်း မိတ်ဆွှေ အပေါင်းအသင်း တပည့်များ သွားရောက်လှူဒါန်းမည့် မဟာနွယ် ပရဟိတကျောင်းနှင့် ပတ်သက်၍ အသေးစိတ် ပိုမိုသိလိုကြသော ပရဟိတအလှူရှင်များအတွက် အထောက်အပံ့ဖြစ်စေမည့် အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။ မဟာနွယ်ကျောင်းကို ယခင်ကရောက်ဖူးသူအချို့တွင် အဆိုပါကျောင်း နေရာအသစ်သို့ ပြောင်းရွှေ့ထားသည်ကို မသိရှိသူများလည်း ရှိနိုင်ခြင်းကြောင့် ယခုကဲ့သို့ အသိပေးရခြင်း ဖြစ်ပါသည်။ ယခင်ကျောင်းနေရာဟောင်းမှာ မိုးတွင်းကာလတွင် သွားလာရေး ခက်ခဲခြင်းကြောင့် အလှူရှင်များ အဆင်ပြေစေရန်နှင့် ကျောင်းတွင်လာရောက် ပညာသင်ကြားနေ ကြသော ကျောင်းသား/သူ ကလေးငယ်များ အန္တရာယ်ကင်းရှင်းရေးအတွက် ရည်ရွယ်ကာ ကျောင်းထိုင်ဆရာတော်က ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါသည်။ ယခင်နေရာဟောင်းတွင်လည်း သံဃာတော်နှင့် သာမဏေများ ဆက်လက် သီတင်းသုံးလျက်ရှိပါသည်။
မဟာနွယ်ပရဟိတကျောင်း လိပ်စာ လမ်းညွှန်မှာ-
ကြာနီကန် ကျူချောင်းလမ်းပေါ်တွင် တည်ရှိပါသည်။ ထိုလမ်းသို့သွားရန် လမ်းညွှန်မှာ၊ သင်္ဃန်းကျွန်း စံပြဈေးကိုဖြတ်၍ လေးထောင့်ကန်လမ်းအတိုင်း တည့်တည့်သွားပါ။ လေးထောင့်ကန်လမ်းမှာ အမှတ်(၂)လမ်းမကြီး (ပဲခူးသွားသည့်လမ်းဟု လူသိများ)သို့ တော်လျှောက် ဆက်သွယ်သွားပါသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် စိတ်ကျန်းမာရေးဆေးရုံတို့ကို ကျော်ဖြတ်အပြီးတွင် မြို့ဝင်ကြေးကောက်ခံသော ဂိတ်မှ ကျော်လွန်၍ မှတ်တိုင် သုံးတိုင်အရောက်တွင် စိုက်ကွေ့မှတ်တိုင်ရှိပါသည်။ ထိုမှတ်တိုင်ကို အနီးရှိ တံတားကို အနည်းငယ်ကျော်လိုက်သည်နှင့် ဘယ်ဘက်တွင်တွေ့ရသော ကွန်ကရစ်လမ်းမှာ ကြာနီကန် ကျူချောင်းလမ်းဖြစ်ပါသည်။ ထိုလမ်းအတိုင်း တည့်တည့်ဝင်ရောက်သွားပါက မဟာနွယ်ပရဟိတကျောင်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။
ပရဟိတကျောင်းနှင့်ပတ်သက်၍ သိသင့်သည့် အချက်များမှာ-
၁) လက်ရှိတွင် ကျောင်းသားဦးရေ ၈၀ ရှိပါသည်။ ထိုအထဲတွင်
ညအိပ်နေထိုင်သည့် ၂၅ ဦး ပါဝင်ပြီး အများစုမှာ နယ်မြို့မှကလေးများဖြစ်ကာ မိဘမဲ့ကလေး
၅ ဦးခန့်နှင့် ကျန်ကလေးများမှာ မိစုံဖစုံမရှိသည့် ကလေးများဖြစ်ပါသည်။ ကျန်ရှိကလေးများမှာ
အနီးနားပတ်ဝန်းကျင်ရှိ ဆင်းရဲနွမ်းပါးသည့်မိသားစုများမှ ကလေးများဖြစ်သည်။ ကျောင်းအိပ်ကျောင်းစားနေထိုင် သည့် ကလေးများကို နေ့စဉ် ကျွေးမွေးလျက်ရှိပြီး ကျောင်းသားအားလုံးကို စနေနှင့် တနင်္ဂနွေ နှစ်ရက်အတွက်
တစ်နေ့လုံးစာ ကျွေးမွေးပါသည်။ တရားဝင် စာသင်ကျောင်းမဟုတ်သေးပဲ အနီးပတ်ဝန်းကျင်မှ အစိုးရကျောင်းတွင်
တက်ရောက်နေသည့် ကလေးများအနက် ကျုရှင်စရိတ် မတတ်နိုင်သော ကလေးများကို ကျောင်းတွင် ကိုယ်ပိုင်ဆရာ
ဆရာမတို့ဖြင့် ပြန်လည်သင်ကြားပေးလျက်ရှိပါသည်။ ကျုရှင်စရိတ်မတတ်နိုင်သော ၉ တန်းနှင့်
၁၀ တန်းကျောင်းသားအချို့ကိုလည်း စရိတ်ထောက်ပံ့ပေးလျက်ရှိသည်။
၂) အဓိက အခက်အခဲမှာ နေ့စဉ်ဟင်းစား ဆန်၊ ဆီ၊ ဆား ငရုပ်၊
ကြက်သွန်၊ အသား၊ ငါး သို့မဟုတ် ဟင်းသီးဟင်းရွက် ၀ယ်ခြမ်းရေးနှင့် ချက်ပြုတ်ရေးအတွက်
ကုန်ကျစရိတ်ဖြစ်ပါသည်။ လက်ရှိတွင် အခါအခွင့်သင့်၍ လာရောက်လှူဒါန်းသော အလှူရှင်များ၏ ပံ့ပိုးမှုဖြင့်သာ
သုံးစွဲ ရပ်တည်နေရပါသည်။
၃) ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများမှာ အလှူရှင်များ
လာရောက်လှူဒါန်းထားမှုကြောင့် လက်ရှိ တွင် လိုအပ်သည့် အနေအထားတွင် မရှိသေးပါ။ လှူလိုကလည်း လှူဒါန်းနိုင်ပါသည်။
၃)
အခြား အဓိကကျသော အခက်အခဲမှာ ကျောင်းသားများအတွက် စာသင်
စာကျက်ရန် အဆောက်အအုံ အလုံအလောက်မရှိခြင်း ဖြစ်သည်။ လက်ရှိတွင် ပျဉ်ထောင်
ပျဉ်ခင်း
သွပ်မိုး အဆောက်အအုံ တစ်လုံးရှိပြီး ဆရာတော်၏ ဆွမ်းစားဆောင်နှင့် ကလေးများ
စာသင် စာကျက်ဆောင်
အဖြစ်အသုံးပြု နေရပါသည်။ တိုးချဲ့ဆောက်လုပ်ထားသည့် ကလေးများအတွက် ယာယီ
စာသင် စာကျက်ဆောင်မှာ
ယမန်နေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့်
အမိုးများပျက်စီးကာ
အသုံးပြုရန် မဖြစ်နိုင်တော့ပါ။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခု blog တွင် တင်ထားပြီးဖြစ်သော ဓာတ်ပုံများကို ကြည့်ရှုနိုင်ပါသည်။
ထို ယာယီအဆောင်မှာ ညဘက်တွင်လည်း ကလေးများအိပ်ဆောင်အဖြစ် အသုံးပြုလျက်ရှိရာ
ကျရောက်လာပြီဖြစ်သည့် မိုးရာသီတွင် အသုံးပြုရန်
ကြံ့ခိုင်မှုမရှိနိုင်သည့်အတွက် ၀ါးတိုင်များအစား
သစ်သားတိုင်များဖြင့် ပြန်လည်ဆောက်လုပ်နိုင်ရန် လာမည့် ဇွန်လ ၁၄ ရက်နေ့တွင်
သွားရောက်
လှုဒါန်းမည် ဖြစ်ပါသည်။ လက်ရှိ ကျောင်းတွင် ရေလောင်းအိမ်သာ ၃ လုံးကို အလှူရှင်အဖွဲ့တစ်ဖွဲ့က ဆောက်လုပ် လှူဒါန်းပြီး ဖြစ်ပါသည်။
၎) လျှပ်စစ်မီး အခက်အခဲရှိပါသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ကျွန်တော်နှင့်
တပည့်များ လှုဒါန်းခဲ့သော ဆိုလာပြား (Solar Panel) အသုံးပြုသည့် လျှပ်စစ်မီးအားမှာ ညပိုင်းကလေးများ စာကျက်ရာတွင် အဆင်ပြေသော်လည်း
နံနက်ပိုင်း စာကျက်ရန်နှင့် အခြား ဝေယျာဝစ္စ အလုပ်များအတွက် လုံလောက်သည့် ဓာတ်အားမရှိတော့ကြောင်း
ကျောင်းမှ တာဝန်ခံ ဆရာက သတင်းပို့ပါသည်။ ထိုကိစ္စကို ဖြေရှင်းရန် မီးစက်မောင်းပါက နေ့စဉ်
ဒီဇယ်ကုန်ကျစရိတ် ရှိပါသည်။
၅) ယခုကိစ္စမှာ သိသင့် သိထိုက်သည်ဟု ယူဆ၍ အသိပေးခြင်းသာ
ဖြစ်ပါသည်။ အကြောင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျွန်တော်နှင့်အဖွဲ့ သွားရောက်
လှုဒါန်းစဉ်က နေရာမှာ ယခုနေရာမဟုတ်ပါ။ အဆိုပါ နေရာဟောင်းမှာ ကွန်ကကရစ်လမ်းမှ ၁၅ မိနစ်ခန့်
မြေလမ်း ကို လျှောက်သွားရပါသည်။ မိုးတွင်းရောက်ပါက ရွံ့လမ်းဖြစ်သွားပြီး သွားလာရန်
အလွန်ခက်ခဲပါ သည်။ မနှစ်က ကျွန်တော်တို့သွားရောက်လှုဒါန်း ရာတွင် ခက်ခက်ခဲခဲ လမ်းလျှောက်ခဲ့ရပါသည်။
ထို့ကြောင်း လှုသည့်ပစ္စည်းများကို ကုန်းလမ်းဖြင့် သယ်ယူရန် မဖြစ်နိုင်သောကြာင့် စက်လှေဖြင့်တင်
ကာ လယ်ကွင်းများကို ဖြတ်မောင်းပြီး ကျောင်းသို့ ပို့ဆောင်ခဲ့ရပါသည်။ မိုးများသည့်အချိန်ရောက်
လာပါက ရေတက်လာခြင်းကြောင့် ကျောင်းသို့လာမည့်ကလေးများကို စက်လှေဖြင့် အကြိုအပို့ လုပ်ပေးရပါသည်။
ရေရှည်တွင် သွားလာရေး ခက်ခဲကာ အန္တရာယ်ရှိသည့်အပြင် ကလေးများ အဆင် ပြေရန်နှင့် လာရောက်လှုဒါန်းသည့်
အလှုရှင်များ အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ဆရာတော်က ဘဏ်တွင် စုဆောင်းထားသော လှုဒါန်းငွေများဖြင့်
စရံငွေပေးချေကာ ကွန်ကရစ်လမ်းဘေးတွင် တစ်ဧကကျယ်ဝန်းသော မြေကွက်တစ်ကွက်ကို ၀ယ်ယူပြီး
ပရဟိတကျောင်းကို နေရာပြောင်းရွှေ့ကာ ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ ယခင်ကျောင်းအဟောင်းတွင်
သံဃာတော်များ ဆက်လက်နေထိုင်ဆဲ ဖြစ်ပါသည်။ လက်ရှိတွင် အဆိုပါမြေကွက်ကို ၀ယ်ယူထားသည့်အတွက်
ငွေအကြေပေးချေရန် ကျပ် သိန်း ၆၀ ကျန်ရှိနေသေးကြောင်း တာဝန်ခံဆရာက ပြောပါသည်။ ထိုငွေကိုလည်း ယခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ပေးချေရန်
ဆရာတော်က အာမခံထားပြီး ဖြစ်ပါသည်။ အဆိုပါမြေကွက်ကို တရားဝင်ပိုင်ဆိုင်မှု ရယူနိုင်ရန်
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆရာတော်က ဆက်သွယ်ဆောင် ရွက်ဆဲ ဖြစ်ပါသည်။ ထို့အပြင်
ထိုမြေကွက်ကို သာသာနိကမြေအဖြစ် တရားဝင် အသိအမှတ်ပြုနိုင် အောင်လည်း မြို့နယ် သံဃနာယကအဖွဲ့နှင့်
ဆက်သွယ်ဆောင်ရွက်ရန် ဆရာတော်ကို အကြံပေး ထားပါသည်။ သို့မှသာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအဖြစ်
ပြောင်းလဲလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
ယခုကိစ္စကို မဖြစ်မနေလုပ်ဆောင်ရန်ကိစ္စဟု မစဉ်းစားကြစေလိုပါ။
လိုအပ်သည့် ငွေကြေး ပမာဏမှာလည်း များပြားသည့်အတွက် သေချာစွာ ချင့်ချိန် စဉ်းစားစေလိုပါသည်။
အမှန်တကယ် စေတနာထက်သန်ကာ လိုလို ချင်ချင် လှုဒါန်းလိုပြီး တည်တည်ကြည်ကြည်ရှိသည့် လူပုဂ္ဂိုလ်
သို့မဟုတ် အဖွဲ့ဟု ယူဆပါက သတင်းစကား လက်ဆင့်ကမ်းပေးစေလိုပါသည်။ ဆရာတော်သည် ပရဟိတလုပ်ငန်းကို
၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ဆုံး အချက်အနေဖြင့်
လက်ရှိ ပညာသင်နှစ်အတွက် ကျောင်းတွင်သင်ကြားပေးနိုင်မည့် ဆရာတစ်ဦး အမြန်လိုအပ်နေခြင်း
ဖြစ်ပါသည်။ ထို့အတွက် သင့်တော်သူကိုလည်း ၀ိုင်းဝန်းရှာဖွေပေးရမည်ဖြစ်ကာ အဆိုပါပုဂ္ဂိုလ်ကိုလည်း
လစဉ်ကြေး ထောက်ပံ့ပေးရမည် ဖြစ်ပါသည်။ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ
ကာယကံရှင်များထံ တိုက်ရိုက် မေးမြန်း စုံစမ်းနိုင်ပါသည်။
ကျောင်းထိုင် ဆရာတော် ဦးသီရိကဉ္စန
- ဖုန်းနံပါတ် ၀၉၃၁၀၈၆၅၃၉
တာဝန်ခံဆရာ ဦးဝဏ
- ဖုန်းနံပါတ် ၀၉၂၅၂၃၉၈၆၆၂
0 comments:
Post a Comment